မုန်လာဥနီက အမြင်အာရုံ ကောင်းတာထက် ပိုပါတယ်
မျက်လုံးအားကောင်းစေဖို့ မုန်လာဥနီ စားပေးရတယ်ဆိုတာကို ငယ်ငယ်ကတည်းက ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ မုန်လာဥနီက အမြင်အာရုံ ကောင်းစေတယ်ဆိုတာထက် ပိုတဲ့ ကျန်းမာရေး အာနိသင်တွေကို ပေးနိုင်တယ်ဆိုတာကို ပြောပြပေးချင်တာပါ။
မုန်လာဥနီဆိုတာက မုန်လာဥနီပင်လေးရဲ့ အမြစ်ဥပါ။ လိမ္မော်ရောင် အဆင်းရှိပြီး အရသာက ချိုပါ။ အသားလေးက ကြွပ်ကြွပ်လေးနဲ့ အရည်ရွှမ်းရွှမ်းလေးပါ။ ကြော်စားစား၊ အစိမ်းတို့တို့၊ ဟင်းရည်တွေထဲ ထည့်ချက်ချက် စားပေးလို့ ရပါတယ်။
မုန်လာဥနီမှာ ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်၊ ရေဓာတ်၊ ဗီတာမင် အေ၊ ဘီတာကယ်လ်ရိုတင်း၊ လူတင်၊ ဗီတာမင် စီ၊ ဗီတာမင် ကေတို့ ပါဝင်နေပါတယ်။
မုန်လာဥနီနဲ့ ကျန်းမာရေး
စားရတာ ချိုချိုလေးနဲ့ စားကောင်းတဲ့ မုန်လာဥနီက ကျန်းမာရေးအတွက် အမြင်အာရုံကောင်းစေတာအပြင် အခုလို အကျိုးကျေးဇူးတွေ ပေးပါသေးတယ်။
- ဝိတ်ကျစေတယ်
အာဟာရဓာတ်တွေ ကြွယ်ဝသလို အမျှင်ဓာတ် နဲ့ ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ မုန်လာဥနီက အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းညှိချင်သူတွေ စားပေးလို့ ရပါတယ်။
- ကိုယ်ခံအား ကောင်းစေတယ်
မုန်လာဥနီမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ် ဖြစ်တဲ့ ဗီတာမင် စီ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အားဖြည့်ပေးပြီး အအေးမိဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။
- အရိုးတွေ သန်မာစေတယ်
မုန်လာဥနီမှာ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဇင့်တို့ ပါဝင်နေတာက အရိုးတွေကို သန်မာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ အရိုးသိပ်သည်းဆ ကျဆင်းတာကို ကာကွယ်ပေးမှာပါ။
- အသားအရေ ကျန်းမာစေတယ်
ဝက်ခြံ၊ အရေပြားမွဲခြောက်တာတွေ သက်သာစေဖို့အတွက်လည်း မုန်လာဥနီကို စားပေးလို့ရပါတယ်။ ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာက အသားအရေ ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်မှာပါ။
- နှလုံးကျန်းမာစေနိုင်တယ်
မုန်လာဥနီမှာ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်နေတာကြောင့် နှလုံးသွေးကြော ကျဉ်းတာ၊ သွေးတိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ နှလုံး ကျန်းမာချင်တယ်ဆိုရင် မုန်လာဥနီ စားပေးလို့ရပါတယ်။
- သွေးချို ကျစေတယ်
မုန်လာဥနီရဲ့ နောက်ထပ် အာနိသင်တစ်ခုက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတာကြောင့် ဆီးချို ရှိသူတွေအနေနဲ့ သွေးချိုကျစေဖို့ စားပေးလို့ ရပါတယ်။
မွန်မွန်